eleven


ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန် ဆရာတော် ပြန်လည် ရရှိဟူသော The Voice သတင်းစာ၏ ဖော်ပြမှုနှင့် ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေး ဦစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေတို့က နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးရုံး၌ ရှင်းလင်းခဲ့သည်။

အောက်တိုဘာ ၂၅ ရက်ထုတ် The Voice သတင်းစာတွင် "မဟာသန္တိသုခ ကျောင်းတိုက်ကို ပီနန်ဆရာတော် ပြန်လည်ရရှိ" ဟူ၍ ဖော်ပြခဲ့သော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

ဗုဒ္ဓတရားတော်များကို နိုင်ငံခြား ဘာသာစကားများဖြင့် ကျွမ်းကျင်စွာ ဟောပြောပြသနိုင်သည့် ပြည်ပသာသနာပြု ပုဂ္ဂိုလ်များကို လေ့ကျင့်သင်ကြားပေးရန်အတွက် နိုင်ငံတော် အစိုးရက တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်တွင် တိပိဋကနိကာယသာသနာပြု ဥပဋ္ဌာက ပြည်ပသာသနာပြု အဖွဲ့ဥက္ကဋ္ဌအား စင်ကာပူ ပီနန်ကျောင်း အမည်ဖြင့် သာသနာ့မြေဂရန် ချပေးပြီး မဟာသန္တိသုခ ကျောင်းတိုက်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျောင်းတိုက်ကို ၁၉၉၆ ခုနှစ်တွင် ပန္နက်တင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တည်ဆောက်စရိတ် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း၊ ကုန်ကျစရိတ်များအနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်း ၁၀၀၀၊ မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ကျပ်သိန်း ၁၀၀၀၊ အေးရှားဝေါလ် ကုမ္ပဏီက ကျပ်သိန်း ၁၄၀၀၊ ပီနန်ဆရာတော်ကြီး နိုင်ငံခြား ဒါယကာများက ကျပ်သိန်း ၁၀၀၀၊ ပြည်တွင်းစေတနာရှင်များက ကျပ်သိန်း ၂၁၀၀ ကျော် လှူဒါန်းခဲ့ကြပြီး လိုအပ်ငွေကျပ်သိန်း ၂၀၀၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ချေးယူ၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ချေးငွေကျပ်သိန်း ၂၀၀၀ ကို လစဉ်ကျပ် ၁၀ သိန်းဖြင့် ပြန်လည်ပေးဆပ်ခဲ့ရာ ၂၀၁၂ ခုနှစ် မတ် ၁၆ ရက်တွင် အကျေပြန်လည်ပေးဆပ် နိုင်ခဲ့ကြောင်း သိရသည်။

ပီနန်ဆရာတော် ဦးပညာဝံသ၏ ပြန်လည်တောင်းခံမှုကို ၂၀၁၃ ခုနှစ် မတ် ၁၇ ရက်တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူန၀ီသတိမ အစည်းအဝေးက "နိုင်ငံတော် အကြီးအကဲများက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ရေစက်ချလှူဒါန်းခဲ့ပြီးဖြစ်၍ ပီနန်ဆရာတော် ဦးပညာဝံသအား ပေးခွင့်မရှိကြောင်း" ဆုံးဖြတ်ခဲ့ပြီးဖြစ်၍ ကျောင်းတိုက်အား ပြန်လည်ပေးအပ်ရန် တောင်းခံလာသည့် ပီနန်ဆရာတော် ဦးပညာဝံသမှ ကျောင်းတိုက်ပြန်လည်ရရှိရေးအတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့သာ ပြန်လည်လျှောက်ထားရန် လမ်းညွှန်ခဲ့သည်ဟု သာသနာရေး ၀န်ကြီးဌာန သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက ပြောကြားခဲ့သည်။

"The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျောင်းတိုက်ကြီးကို ပီနန်ဆရာတော်ကို လွှဲပေးလိုက်တယ်ဆိုတဲ့ သတင်းက သာသနာရေး ၀န်ကြီးဌာနကို အတည်ပြု မေးမြန်းတာ မရှိခဲ့ဘူး။ ဒီသတင်းကြောင့် နိုင်ငံတော် သံဃနာယက အဖွဲ့ဝင်တွေလည်း အင်မတန်မှ ၀မ်းနည်းခဲ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး The Voice သတင်းစာကို ဆက်သွယ်မေးကြည့်တော့ ဘာမှတိတိကျကျ ပြန်ဖြေတာ မရှိပါဘူး" ဟု သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice သတင်းစာအား ဆက်သွယ်မေးမြန်းခဲ့ရာ "ကျွန်တော်တို့ရေးတဲ့ သတင်းက ပီနန်ဆရာတော်ကြီး မိန့်ကြားထားတာပါ။ အောက်တိုဘာ ၂၅ ရက်မှာ ဆရာတော်ကြီးက ကျောင်းတိုက်ကို ရပြီဆိုလို့ ကျွန်တော်တို့ ရေးသားခဲ့တာပါ။ ဆရာတော်ကြီး မိန့်ကြားထားတာနဲ့ သာသနာရေး ၀န်ကြီးပြောတာနဲ့ ကွဲလွဲချက်တွေ ဖြစ်နေပါတယ်။ အဲဒီလို ကွဲလွဲနေတာကို ကျွန်တော်တို့ဆီက သတင်းထောက်က ဆရာတော်ကြီးကို သွားပြန်လျှောက်နေပါတယ်။ ဆရာတော်ကြီး ဘာများထပ်ပြောဦးမလဲ ဆိုတာပါ။ အခုထိတော့ အဲဒီသတင်းထောက် ပြန်မလာ သေးပါဘူး" ဟု အယ်ဒီတာကိုအောင်စိုးက ပြန်လည်ဖြေကြားခဲ့သည်။
From: eleven

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive