From : ..the voice

မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးအောင်မင်းလမ်း နေအိမ် တစ်လုံးတွင် နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် ရှာဖွေမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးရပ်၍ သတိလစ် သေဆုံးခဲ့မှု အောက်တိုဘာလ ၃၀ ရက် ညနေ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်း နေထိုင်သည့် ရာအိမ်မှူး ဦးမြင့်အုန်းက The Voice သို့ ပြောကြားသည်။

မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သေဆုံးသူ ဒေါ်ခင်အုန်းမြင့် (ခ) ဒေါ်ပို၏ အိမ်ကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပါဝင်ခြင်းမရှိဘဲ ဝင်ရောက် ရှာဖွခဲ့ရာ နှလုံးရောဂါရှိသူ အဆိုပါ အမျိုးသမီးမှာ ကြောက်လန့်ကာ ဇောချွေးများ ပြန်ပြီး သတိလစ် မေ့မြောသွားခဲ့သောကြောင့် ၎င်း၏ သားသမီးများက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီက လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အိမ်မှာ အဘွားကြီး တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန် ရဲတွေဝင်ရှာတာ။ နှစ်လုံးထီလည်း မမိဘဲနဲ့ ရဲကသူ့ကို လက်ထိတ် ခတ်လိုက်တော့ ကြောက်လန့်ပြီး သတိလစ်သွားတဲ့နောက်မှာ အသက်ပြန် ပါမလာတော့” ဟု ဦးအောင်မင်းလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ကမူ အဆိုပါ အိမ်တွင် ချွေးမဖြစ်သူက နှစ်လုံးထီ ရောင်းချသည်ဟု ကြားသိရပြီး ၎င်းအိမ်ကို ဝင်ဖမ်းစဉ်တွင် ချွေးမဖြစ်သူက နောက်ဖေးပေါက်က ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါအိမ်တွင် အဆိုပါ အမျိုးသမီးကြီးတစ်ဦးသာ ကျန်ရှိပြီး ၎င်းက နေအိမ် အခန်းတွင်း ဆေးသောက်ရန် ဝင်ရောက်စဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တွန်းမိ၍ ၎င်းလဲကျ မေ့လဲသွားသည်ကို ဟန်ဆောင်သည်ဟု ထင်ပြီး ဝတ္တရားအတိုင်း ရှာဖွေခဲ့ပြီးနောက် မိသားစုများက ဆေးရုံပို့ရန် ကားပေါ်တင်ချိန်တွင် အသက်မရှိတော့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်ကို ကိုးကား၍ The Voice သို့ ပြောကြားသည်။

တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စစ်ဆေးတဲ့အခါမှာ စစ်ဆေးခံရသူရဲ့ အခြေအနေတွေကို ကြည့်သင့်တယ်။ ဆေးသောက်မယ့် လူကို ဆေးသောက်ခွင့် ပြုပြီးတော့မှ စစ်ဆေးစရာရှိတာ စစ်ဆေးသင့်တယ်။ လူတိုင်းမှာ လူ့အခွင့်အရေး ရှိတယ်။ ဒီလို သေသွားတဲ့အတွက် ဥပဒေအရ အမှန်တရားပေါ်အောင် ဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောကြားသည်။

လောင်းကစား ဖမ်းဆီးမှုများတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အိမ်များကို ရှာဖွေရာတွင် ရှာဖွေဝရမ်း ပါရှိရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ သေဆုံးနစ်နာမှုသည် လူ့အခွင့်အရေးကို ဆုံးရှုံးရသောကြာင့် နေပြည်တော် ရဲချုပ်ထံ မိသားစုဝင်များ တိုက်ရိုက် တိုင်ကြားသင့်ပြီး နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ တိုင်စာများ ပေးပို့ကာ ဥပဒေအရ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ အဆိုပါအိမ်တွင် နှစ်လုံးထီ ရောင်းချနေသည်ဟု သတင်းရရှိသောကြောင့် ဝင်ရောက် ရှာဖွေခဲ့သည်မှာ မှန်ကန်သော်လည်း အမျိုးသမီးကြီး သေဆုံးရသည့် အကြောင်းအရင်းကို အသေးစိတ် မသိရသောကြောင့် မဖြေကြားပေးနိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။


 .. www.MyanmarExpress.net

Posted by Unknown on Friday, November 1, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive