From : ..သမ္မတရုံး










ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  ယနေ့ ဒေသ စံတော်ချိန်  မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်  ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဂျပန် နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက် ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံ-ဂျပန် ဆက်ဆံရေး စတင် တည်ထောင်ခဲ့သော ၁၉၇၃ ခုနှစ်မှစတင်ပြီး သိသာသော တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ရရှိ နေပါကြောင်း။
၂ဝ၁၃ ခုနှစ်သည် အာဆီယံ-ဂျပန်ဆက်ဆံရေး နှစ် (၄ဝ) မြောက် အထိမ်းအမှတ်နှစ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး အဆိုပြုခဲ့သော အာဆီယံနှင့် ပိုမိုပူးပေါင်းရေးမူဝါဒ ငါးရပ်ကို ကြိုဆိုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ပေါင်းစပ်ဆက်သွယ်ရေး မဟာစီမံကိန်း (ASEAN Connectivity Master Plan) ကို အထူးအလေးထားပြီး မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်မည့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်များမှ ဒေသ ဆက်သွယ်ရေး လမ်းကြောင်းများကို တိုးမြှင့်လိုသော ဆန္ဒရှိပါကြောင်း။
            
အာဆီယံ-ဂျပန် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် အာဆီယံ-ဂျပန်ဗဟိုဌာန၏  ကြိုးပမ်းဆောင်
ရွက်မှုများကို ကြိုဆိုပါကြောင်း၊ အနာဂတ်ကာလတွင်လည်း အာဆီယံ-ဂျပန် ပူးပေါင်းဆောင် ရွက်ရေးကို ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ တွင် (၁၆) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးကို ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ကိုရီးယားနိုင်ငံ သမ္မတ  Mrs. Park Guan-hye တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက အာဆီယံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့သည် ၁၉၈၉ ခုနှစ်မှ စတင်ပြီး ဆွေးနွေးဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ကြောင်း၊ ယနေ့တွင်  အာဆီယံ-ကိုရီးယား ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး  အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ အာဆီယံ အသိုက်အဝန်းတည်ထောင်မှုလမ်းပြ မြေပုံ (၂ဝဝ၉-၂ဝ၁၅) အကောင်အထည်ဖော်ရာတွင် ကိုရီးယား သမ္မတနိုင်ငံ၏ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း။
နှစ်ဖက်အကြား ကုန်သွယ်မှု တိုးမြှင့်လာခြင်းကို ကြိုဆိုပါကြောင်း၊ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဧရိယာကို မျှော်မှန်းထားသည့် ကုန်သွယ်မှုပမာဏ ရောက်ရှိ မည်ဟု မျှော်လင့်ပါကြောင်း၊ အာဆီယံ ပေါင်းစပ်ဆက်သွယ်ရေး မဟာစီမံကိန်း  အကောင် အထည်ဖော်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ကိုရီးယားနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးသော သတင်းအချက်အလက် နည်းပညာများကို အာဆီယံနိုင်ငံများမှ မျှဝေရယူခြင်းဖြင့် နှစ်ဖက်စလုံး အကျိုးရှိမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကိုရီးယား ကျွန်းဆွယ်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး အတွက် အဏုမြူကင်းမဲ့သော ကိုရီးယားကျွန်းဆွယ်ဖြစ်ရေး ကြိုးပမ်းမှုကို အပြည့်အဝ ထောက်ခံပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် (၁၆) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို ကျင်းပရာ နိုင်ငံတော်သမ္မတက ပြောကြားရာတွင် ၂ဝ၁၃ ခုနှစ်သည် အာဆီယံ- တရုတ် မဟာဗျူဟာဆက်ဆံရေး စတင်ခဲ့သည့် (၁ဝ) နှစ်ပြည့် အထိမ်းအမှတ် ဖြစ်ပါကြောင်း၊ အနာဂတ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း။
အာဆီယံ ပေါင်းစပ်ဆက်သွယ်ရေး မဟာစီမံကိန်းအောင်မြင်ရေးတွင် တရုတ်နိုင်ငံ၏ အခန်း ကဏ္ဍသည် အရေးပါပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အာဆီယံနှင့် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်များ ဆက်သွယ်ရေးကို တိုးမြှင့်ပေးနိုင်သော အခြေအနေ တွင် ရှိပါကြောင်း။
ပြီးခဲ့သည့် စက်တင်ဘာလက နန်နင်းမြို့တွင် ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲနှင့် အာဆီယံ-တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး က အာဆီယံ-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်မှု အတွက် မိမိတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြု နိုင်ခဲ့ပါကြောင်း၊ စက်တင်ဘာလက တရုတ်နိုင်ငံ စူကျိုးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ-တရုတ်အဆင့်မြင့် အရာရှိများ အစည်းအဝေးက တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်း အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး တိုးတက်မှု ရရှိခြင်းအပေါ် ကျေနပ်အားရပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံအကြားရှိ မဟာဗျူဟာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီခကျန်းတို့ တက်ရောက်ကြသည်။
ယင်းနောက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးကို တက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ပထမ အကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ဖြစ်သည့်အတွက် အာဆီယံ-အမေရိကန် ဆက်ဆံရေးတွင် ထူးခြားသော တိုးတက်မှု ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ-အမေရိကန် ဆွေးနွေးဖက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်အားလုံးကို  အလေးထားပါကြောင်း။
အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ရေကြောင်းလုံခြုံရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်မှုများသည်  အကျိုးရှိသော ဆောင်ရွက်မှုများ ဖြစ်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ အစီအမံ  (Initiatives) များ ဖြစ်သည့် စီးပွားရေး အဆင့်မြှင့် ထိတွေ့ဆက်ဆံမှု အစီအမံ၊ အာရှ-ပစိဖိတ်  မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှု အစီအမံ၊ အာရှ-ပစိဖိတ် ရေရှည်တည်တံ့သော စွမ်းအင်ဆိုင်ရာ မိတ်ဖက်အစီအမံများကို ကြိုဆိုပါကြောင်း။
မိမိတို့မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ တိုးတက် ပြောင်းလဲလာသော ဆက်ဆံရေးကို အထူးအားရ ကျေနပ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု အကြား ခင်မင်ရင်းနှီးသော ဆက်ဆံရေးသည် ရှိပြီးသား ကောင်းမွန်သည့် အာဆီယံ-အမေရိကန် ဆက်ဆံရေးကို ထပ်မံမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဘရူနိုင်းဒါရူဆလမ် နိုင်ငံဘုရင်က  (၂၃) ကြိမ် မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် လာကြသော နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။            

.. www.MyanmarExpress.net
 

Posted by Unknown on Thursday, October 10, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive