From : ..president office
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးသို့ တက်ရောက်သည်။
ထိပ်သီးအစည်းအဝေးသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒို နီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဆူစီလိုဘမ်ဘန်းယူဒို ယိုနို၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတွတ်ဆရီမိုဟာ မက်နာဂျစ်တွန်း အဗ္ဗဒူလ်ရာဇတ်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘီနင်နိုအကွီနို၊ စင်ကာပူ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေး မစတင်မီ နိုင်ငံတော်သမ္မတနှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်က အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေး၌ နိုင်ငံတော် သမ္မတက မိန့်ခွန်းပြောကြားရာတွင် မိမိအနေဖြင့် အဆွေတော် ဘုရင်မင်းမြတ်နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ပြည်သူလူထုအား ၂ဝ၁၃ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုအပ်ပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် အာဆီယံ အနေဖြင့် ကမ္ဘာ့မျက်နှာစာ၌ အရေးကြီး သည့်နေရာမှ ဆက်လက်ရပ်တည် နိုင်ခဲ့ပါကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်က မိမိတို့သည် အချိန်သတ်မှတ်ချက်နှင့် ခိုင်မာသည့် ရည်မှန်းချက်များဖြင့် ၂ဝ၁၅ ခုနှစ်တွင် မိမိတို့ မြင်တွေ့ လိုသည့် ရလဒ်များကို အခြေခံကာ လမ်းပြမြေပုံများ ရေးဆွဲခဲ့ပါကြောင်း။
ယခုအခါတွင် အာဆီယံ ပေါင်းစည်းရေးအတွက် အရေးပါသည့် အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါ ကြောင်း၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှုနှင့် ပတ်သက်၍ မိမိတို့၏ တိုးတက်မှုများကို တစ်ကမ္ဘာလုံးက နီးကပ်စွာ စောင့်ကြည့်နေပါကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေး အရ စွမ်းအားရှိပြီး ရှင်သန်ဖွံ့ဖြိုးသည့်ဒေသ၊ တည်ငြိမ်အေးချမ်းသည့် ဒေသအဖြစ် တစ်ကမ္ဘာလုံးကို ပြသရန် လိုအပ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း အာဆီယံ၏ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိရန် အချိန်နီးကပ်လာသည်နှင့်အညီ ကျန်ရှိနေသေးသည့် ရည်မှန်းချက်များ ပြည့်မီ စေရန် ပွင့်လင်းစွာ သုံးသပ်ရန် လိုအပ်ပါကြောင်း၊ အာဆီယံသည် ပြင်ပသို့ရှေးရှုသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ၂ဝ၁၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက် အသစ်ချမှတ်နိုင်ရန် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် အခြားသော အာဆီယံနိုင်ငံများ၏
လုပ်ဆောင်မှုများကို ကြိုဆိုပါကြောင်း။
အာဆီယံ၏ ၂ဝ၁၅ခုနှစ်အလွန် မျှော်မှန်းချက်ကို ချမှတ်အကောင်အထည် ဖော်ရာတွင် မိမိ တို့၏ အတွေးအမြင်များကို မျှဝေလိုပါကြောင်း၊ ကုလသမဂ္ဂမှ ချမှတ်ပေးခဲ့သည့် ထောင်စုနှစ် ရည်မှန်းချက်များ၏ ၂ဝ၁၅ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်မှာ ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ၂၁ ရာစု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အဓိက တွန်းအားများအဖြစ် တိုးမြှင့်ရန် ဖြစ်ပါကြောင်း၊ အဖွဲ့ဝင် နိုင်ငံအတွင်းနှင့် နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြင်ပမိတ်ဖက်များနှင့်ပါ ပေါင်းစည်းဆက်နွှယ်နိုင်သည့် အာဆီယံပေါင်းစည်း ဆက်သွယ်ရေး မဟာစီမံကိန်းကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး စဉ်းစားရမည် ဖြစ်ပါကြောင်း။
အသက်အရွယ် ကြီးရင့်သူ ဘိုးဘွားဦးရေ အချိုးအစား မြင့်မားလာမှုကို ဦးစားပေးစဉ်းစားရမည် ဖြစ်ပါကြောင်း၊ အကျပ်အတည်းနှင့် သဘာဝဘေးဒဏ်များနှင့် ပတ်သက်၍ ကြံ့ခိုင်မှုကို မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေး ချဲ့ထွင်ရာတွင် သာတူညီမျှရှိသည့် ချဉ်းကပ်မှုကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အောင်မြင်မှု ရှိသည့် ရလဒ်များ ရရှိနိုင်သော မျှော်မှန်းချက်များကို ချမှတ်ရမည် ဖြစ်ပါကြောင်း၊ အာဆီယံ အသိုက်အဝန်း တည်ဆောက်သည့် နေရာတွင် ၂ဝ၁၅ ခုနှစ်၌ အာဆီယံ အသိုက်အဝန်း ပေါ်ပေါက်ရေးသည် အာဆီယံ၏ အန္တိမပန်းတိုင် မဟုတ်သေးဘဲ အာဆီယံ အသိုက်အဝန်း၏ နိဒါန်းသာ ဖြစ်ပါကြောင်း၊ ထို့အတွက် ၂ဝ၁၆-၂ဝ၂ဝ ကာလ လုပ်ငန်းစီမံချက် တစ်ရပ် ရေးဆွဲရန် လုပ်ငန်းစဉ် စတင်သင့်ပြီ ဖြစ်ပါကြောင်း။
ပြင်ပမိတ်ဖက်များကို ဆွဲဆောင်နိုင်ရန်နှင့် အာဆီယံ၏ အချက်အချာကျမှုကို ထိန်းသိမ်းရန် အာဆီယံ အနေဖြင့် ဦးဆောင်မှု၊ ယုံကြည်အားကိုးမှု၊ လိုက်လျောညီထွေရှိမှုတို့ကို ထိန်းသိမ်း ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နှင့် ပတ်သက်နေသည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ကိစ္စရပ် များတွင် အာဆီယံအနေဖြင့် ရပ်တည်ချက် တစ်ခုတည်းရရှိရန် ကြိုးပမ်းသွားရမည် ဖြစ်ပါ ကြောင်း။
အာဆီယံသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင်သည့် BRICS နှင့် G-20 တို့ကဲ့သို့ အသစ်ပေါ်ထွက်လာသည့် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ချဲ့ထွင်ရေးကို ထည့်သွင်းစဉ်းစားကာ ဆက်ဆံရေးတိုးချဲ့သည့် နေရာတွင် ပိုမိုညီညွတ်မျှတသည့် နည်းလမ်း ဖြင့် ချဉ်းကပ်မှုများကို အသုံးချသင့်ပါကြောင်း။
မကြာသေးမီကာလက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများသည် အာဆီယံ အသိုက်အဝန်းပေါင်းစည်းရေးကို အထောက်အကူ ပြုစေခဲ့ပါကြောင်း၊ အစိုးရ၏ ငါးနှစ်သက်တမ်း ထက်ဝက်ဖြစ်သော ပထမ လပေါင်း ၃ဝ အတွင်း၌ မိမိတို့အနေဖြင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်များ ချမှတ်ပေးခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပေါ်ထွန်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် သိသာထင်ရှားသော တိုးတက်မှုများ ရှိနေသော်လည်း အားလုံး ပြည့်စုံခြင်း မရှိသေးဘဲ အခက်အခဲများ ရှိနေပါသေးကြောင်း၊ ထိုသို့ စိန်ခေါ်မှုများ ရှိနေသော်လည်း မိမိတို့အနေဖြင့် လုပ်ဖော်ကိုင်ဖက်များ၏ အားပေးထောက်ခံမှုများဖြင့် စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်မည် ဟု ယုံကြည်ထားပါကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂ဝ၁၄ ခုနှစ်တွင် ပထမဆုံး အကြိမ် အဖြစ် တာဝန်ယူ ထမ်းဆောင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ အာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသည့် အချိန်တွင် အာဆီယံ၏ လက်ရှိလုပ်ငန်းများကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်ပြီး အာဆီယံ အသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ကာ အာဆီယံ၏ အနာဂတ်အတွက် အဆွေတော်တို့နှင့် အတူတကွ လုပ်ဆောင် သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ ဥက္ကဋ္ဌတာဝန်ယူရေးအတွက် အဆွေတော်တို့၏ အားပေး ထောက်ခံမှုများကို အထူးကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
. www.MyanmarExpress.net
0 comments