From : ..dvb


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲဖို့ အဆင်သင့်ရှိနေပြီလို့ ပြောဆိုလိုက်ပြီး အပစ်အခတ်ရပ်စဲပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးမှု သွားနိုင်ဖို့  ဖွဲ့စည်းပုံအခြေဥပဒေကို ပြင်ဆင်ဖို့ သဘောထား ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းဝေးအတွင်း အခုလို ဆုံးဖြတ်လိုက်တာလို့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
တပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကေအန်ယူရဲ့ သဘောထား ပဒိုမန်းငြိမ်းမောင်ကို  မေးမြန်းထားပါတယ်။

ပဒို မန်းငြိမ်းမောင်
“အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကနေတဆင့် နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ ကြိုးပမ်းနေတာပဲ။ အကုန်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေအားလုံး ပါဝင်ပြီး လက်မှတ်ရေးထိုးဖို့။ အဲဒီကနေ တဆင့် နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ဆိုတာကတော့ တိုင်းပြည်မှာ ပါဝင်ပတ်သက်တဲ့ အင်အားစုတွေအားလုံး အစိုးရ၊ လွှတ်တော်၊ တပ်မတော်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရယ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီရယ်၊ ဒီမိုကရေစီ အင်အားစုတွေရယ်၊ လူမှုရေး အသင်းအဖွဲ့အစည်းတွေရယ်နဲ့ အမျိုးသမီးအဖွဲ့တွေရယ် အားလုံးပေါ့။ ပင်လုံကဲ့သို့သော ညီလာခံ တရပ်ကနေ နိုင်ငံရေးပြဿနာတွေ ဆွေးနွေးမယ်။ ဖွဲ့စည်းပုံဥပဒေကိုလည်း ပြန်လည် သုံးသပ် ပြင်ဆင်မယ်။ ပြင်ဆင်ပြီး အစိုးရကို ပို့မယ်။ အစိုးရကတဆင့် လွှတ်တော်ကို အတည်ပြုခိုင်းမယ်။ နိုင်ငံရေးခြေလှမ်းတွေကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ သဘောထား ရှိပါတယ်။”
အပစ်အခတ်ရပ်စဲရေး ပတ်သက်ပြီး ကေအန်ယူအနေနဲ့ အဆင်သင့်ဖြစ်နေပြီလား။
“ဟုတ်ကဲ့။ ကေအန်ယူအနေနဲ့ကတော့ အဆင်သင့်ဖြစ်နေပါပြီ။”
တပ်နဲ့ ပတ်သက်ပြီးတော့လည်း သဘောတူညီချက်တွေ ရထားပြီလား။
“သဘောတူညီချက်က ယုံကြည်မှုတဆင့်ကနေတဆင့် အများကြီး တဖက်နဲ့ တဖက် တည်ဆောက်လို့ရတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တဲ့ အဆင့်လို့ ပြောလို့ရပါတယ်။”
ဘယ်တော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမလဲ။
“အပစ်အခတ်ရပ်စဲရေး ထိုးဖို့ဆိုတာကတော့ နိုင်ငံတော်အစိုးရဘက်ကလည်း ကြေညာထားတဲ့ အချိန်သတ်မှတ်ချက်တွေရှိတာပေါ့။ ကျန်တဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့လည်း ညှိနှိုင်းပြီး သဘောထားအမြင်တွေ ဖလှယ်ပြီး တက်နိုင်ရင်တော့ တိုင်းရင်းသားအင်အားစုတွေ ပါဝင်ပြီး လက်မှတ်ထိုးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အဲဒီကြားထဲမှာ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတဲ့ ကေအိုင်အိုလို တိုင်းရင်းသား အင်အားစုကြီးတွေ ပါဝင်နိုင်ဖို့ အောက်တိုဘာလ ၈ ရက်နေ့မှာလည်း အစိုးရနဲ့ ကာယကံရှင် ကေအိုင်အိုနဲ့ ကေအိုင်အို ဖိတ်ကြားထားတဲ့ တိုင်းရင်းသား အင်အားစုတွေ တက်ရောက်ပြီးတော့ ဆွေးနွေးနေကြပြီလို့ ထင်ပါတယ်။”
ကေအန်ယူရဲ့ Code of conduct နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုရလဒ်ကို သိပါရစေ။
“Code of conduct နဲ့ ပတ်သက်ပြီး နှစ်ဖက် ညှိနှိုင်းဆွေးနွေးတဲ့ အနေအထားတွေ ရှိပါတယ်။ သဘောတူညီမှုတွေက တိုးတက်မှုတွေ ရှိပါတယ်။ နှစ်ဦးနှစ်ဖက်က အပြုသဘောဆောင် ဆွေးနွေးကြတာဆိုတော့ တဦးနဲ့ တဦး၊ တဖက်နဲ့ တဖက် နားလည်မှုတွေ ရှိပါတယ်။”
ကေအန်ယူအနေနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတော့ ဒီကနေ တဆင့် နိုင်ငံရေးဆွေးနွေးမှုတွေလုပ်တဲ့အခါမှာ ဘာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားလဲ။
“အဓိကတော့ အနာဂတ်မှာ တိုင်းပြည်ရဲ့ စည်းလုံးညီညွှတ်ရေး တိုင်းပြည်ရဲ့ အင်အားကောင်းဖို့ အတွက်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အခြေခံမှုကို ကိုင်ဆွဲပြီးတော့မှ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းရမယ်။ အထူးသဖြင့်ကတော့ တမျိုးသားလုံး တနိုင်ငံလုံးရဲ့ အဓိက အခက်အခဲဖြစ်နေတဲ့ ပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခုနပြောတဲ့ အင်အားစုတွေ အားလုံး အပြုသဘောနဲ့ ၀ိုင်းဝန်းဆွေးနွေး ပြင်ဆင်မယ့်သဘောထား ရှိပါတယ်။”
ကေအန်ယူအနေနဲ့ကော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောထားရှိပါသလဲ။
“ကေအန်ယူအနေနဲ့ကတော့ ပြန်လည်ပြုပြင်ရေးဆွဲဖို့ သဘောထားပဲရှိပါတယ်။ အသစ်ပြန်လည် ရေးဆွဲမယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ပြန်ရောက်သွားမယ်ဆိုရင် တင်းမာမှုတွေဖြစ်လာမယ်။ ပဋိပက္ခတွေ ပြန်လည်ပြီး ဖြစ်ပွားလာမယ်လို့ ကေအန်ယူက သဘောထားတယ်။ ပြန်လည်ပြုပြင်ရေးဆွဲရေးသာလျှင် နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းရေးမှုအပေါ်မှာပဲ တိုင်းပြည်က နာကျင်မှုအနည်းဆုံးအနေနဲ့ ချည်းကပ်လုပ်ဆောင်သွားရန် အကောင်းဆုံးလို့ ကေအန်ယူက သဘောထားပါတယ်။”
ကေအန်ယူအနေနဲ့ ပြင်ဆင်ရေးကိုပဲ ဦးစားပေးတာပေါ့။
“ပြင်ဆင်ရေးဆိုတာပဲ သဘောထား ရှိပါတယ်။ ပြန်လည်အသစ်ရေးဆွဲဖို့ ကေအန်ယူက လက်မခံပါဘူး။ အစိုးရရဲ့သဘောထားကလည်း အသစ်ရေးဆွဲတာ လက်မခံဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း မကြာသေးခင်ကာလမှာ ပြန်ပြီးပြုပြင်ရေးဆွဲတာကို လက်ခံတယ်၊ အသစ် ပြင်ဆင်ရေးဆွဲတာကိုတော့ လက်မခံဘူးဆိုပြီး သဘောထားရှိတော့ အကုန်လုံးအခြေအနေကို ထောက်ထားရမယ့် သဘောထား ရှိပါတယ်။”
အပစ်အခတ်ရပ်စဲရေးကို အစိုးရက အောက်တိုဘာလကုန်ပိုင်း လုပ်သွားမယ်ဆိုတော့ ဒီအချိန်အတောအတွင်း လုပ်နိုင်ပါ့မလား။
“လုပ်နိုင်ဖို့ အများကြီး အခက်အခဲရှိမယ်ထင်ပါတယ်။ ၂၀၁၃ မကုန်ခင်လောက်မှာ လုပ်နိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ပိုပြီး ဖြစ်နိုင်ခြေများတယ်။”
တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲဖို့ရော အခုလောလောဆယ် အနေအထားမှာ ဖြစ်နိုင်ပါ့မလား။ ပလောင်နဲ့ ကချင်တို့ကလည်း ဆွေးနွေးနေတယ်ဆိုပေမယ့် လက်မှတ်ထိုးနိုင်တဲ့ အဆင့် မရောက်သေးဘူး။ တိုင်းရင်းသား အားလုံးပါဝင်တဲ့ တပြည်လုံးအတိုင်းအတာ ဖြစ်နိုင်ပါ့မလား။
“တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးက အခက်အခဲအများကြီး ရှိဦးမှာပါ။ ဒါပေမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက တောင်ကြီး ယုံကြည်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး ညီလာခံမှာ အစိုးရသဘောထား ပြောတာကတော့ သတ်မှတ်ထားတဲ့အချိန်မှာ အပစ်အခတ်ရပ်စဲရေးကို လုပ်မယ်။ အပစ်ရပ်မလုပ်နိုင်သေးတဲ့ တိုင်းရင်းသားအင်အားစုတွေကလည်း အဆင်သင့်ဖြစ်တဲ့အချိန်မှာ လာရောက်ပြီး တက်ရောက် လက်မှတ်ထိုးနိုင်တယ်လို့ သဘောထားပြောပါတယ်။ အဲဒါကောင်းပါတယ်။ လမ်းပိတ်ထားတာမဟုတ်ဘူးလေ။ တဆင့်ပြီးတဆင့် ပါဝင်နိုင်တဲ့ တိုင်းရင်းသားအင်အားစုတွေကို စောင့်ပြီးခေါ်တဲ့ သဘော၊ အပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။”
တခြားဖြည့်စွက်ပြောလိုတာများ ရှိလား။
“ဒီနေ့ ရောက်ရှိနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းက ဖြစ်နေပြီ။ အဲဒါကို မှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့လိုတယ်။ အဲဒီအလှည့်အပြောင်းမှာ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့သာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးဆိုတဲ့ တိုင်းပြည်ရဲ့ ရည်မှန်းချက်တွေကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အစွန်းရောက်တဲ့ အမျိုးသားရေးသဘောထား၊ အစွန်းရောက်တဲ့ နိုင်ငံရေးတွေ၊  အစွန်းရောက်တဲ့ ဘာသာရေးတွေနဲ့ဆို ကျနော်တို့တိုင်းပြည်ကို ဘယ်လိုမှ ကယ်တင်လို့မရဘူးလို့ ယုံကြည်ပါတယ်။” 
.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive