ရန်ကုန်၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဖမ်းဆီးခံထားရသူများတွင် ယင်းအကြမ်းဖက်မှုနှင့် မသက်ဆိုင်သူ အများစု ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ဖမ်းဆီးခံထားရသူများတွင် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ရပ်မိရပ်ဖများ ပါဝင်နေကြောင်း၊ ရန်ကုန်မြို့တော် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် အောက်တိုဘာလ ၁၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။
“အစကတည်းက တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်ရတာပါ။ အထက်လူကြီးတွေက ဖမ်းဆိုမှ မဆိုင်တဲ့သူတွေကို ဖမ်းတယ်။ တကယ်လုပ်တဲ့သူက ဘယ်ရှိတော့မလဲ။ ပြေးပြီပေါ့” ဟု ၎င်းက ဆိုသည်။

ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းအရင်းမှန်ကို သိရှိရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ အောက်တိုဘာလ ၇ ရက်နေ့က သံတွဲ မြို့နယ်သို့ သွားရောက်ခဲ့ပြီး ၎င်းတို့၏ တွေ့ရှိချက်များကို လွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့ထံ တင်ပြသွားမည် ဖြစ်ကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။

၎င်းတို့၏ သွားရောက် စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံကာ ဖမ်းဆီးခံရသူများတွင် ပဋိပက္ခနှင့် မသက်ဆိုင်သူ အများစု ပါဝင်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသူများ၏ မိသားစုများ၊ ဒေသခံများကို တွေ့ဆုံမေးမြန်း ချက်များအရ ပဋိပက္ခတွင် ပါဝင်မှုမရှိဟု ပြောဆိုခြင်း ဖြစ်ကြောင်း အဆိုပါဒေသသို့ လူမှုရေး အကူအညီများပေးရန် သွားရောက်ခဲ့သူ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများ အဖွဲ့မှ ဦးခင်မောင်လင်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရခိုင်အမျိုးသား ၅၈ ဦး ဖမ်းဆီးခံထားရပြီး ယင်းတို့အနက် ထက်ဝက်ကျော်မှာ ပြစ်မှုကျူးလွန်သူများ မဟုတ်ကြောင်း အဆိုပါဒေသသို့ လူမှုရေး အကူအညီများပေးရန် သွားရောက်ခဲ့သူ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများ အဖွဲ့မှ ဦးညီညီမောင်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သံတွဲ ခရိုင်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးမှုများကို နေပြည်တော်က လာသည့်တပ်ဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်သဖြင့် ဖမ်းဆီးရသည့် အကြောင်းအရင်းကို ပြောဆို၍ မရကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောဆိုထားသည်။

သံတွဲတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဖမ်းဆီးခံထား ရပြီး ကျောက်ဖြူထောင်တွင် ပြောင်းလဲ ထိန်းသိမ်းခြင်း ခံထားရသည့် ရခိုင်တိုင်းရင်းသား ၁၇ ဦးအနက် တစ်ဦးကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပြီး နှစ်ဦးကို အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း ပြန်လည် လွတ်မြောက်လာသူ ဦးမိုးမြင့်အောင်က ပြောကြားသည်။

အကျိုးဖျက်ဆီးမှု၊ မီးရှို့မှုများဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာသူ သုံးဦးအနက် ကျန်နှစ်ဦးမှာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဝင်းကိုလေးနှင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးဌေးအောင်တို့ ဖြစ်သည်။

ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ လူပေါင်း ၇၈ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း၊ ယင်းပဋိပက္ခကြောင့် လူခုနစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကာ လူပေါင်း ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ သိရှိရသည်။



Facebook:  Arakan Patriotic

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive