နေ့စွဲ။ ။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်။

သဘာဝသယံဇာတများ ကိုယ်ပိုင်စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို “ပြည်သူ့သယံဇာတအဖွဲ့”မှ ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်မှ (၁၆) ရက်အထိ မြောက်ဦးမြို့၊ မြောက်ဦးဟိုတယ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် ရခိုင့်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြပြီး မိမိတို့ ရခိုင်ပြည်နယ်မှထွက်ရှိသည့် သဘာဝသယံဇာတများအား ကိုယ်ပိုင်စီမံခန့်ခွဲရေးဆိုင်ရာနှင့် အကျိုးခံစားခွင့်ရရှိရေး များကို ဘက်ပေါင်းစုံမှ ခြုံငုံသုံးသပ် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ယခင်အစိုးရအဆက်ဆက်နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်တိုင်အောင် အကောင် အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေးအမည်ခံစီမံကိန်းများမှ ရခိုင်ပြည်သူများ၏ လူမှုစီးပွား အပေါ် အကျိုးသက်ရောက်မှုများနှင့် နစ်နာဆုံးရှုံးမှုများအပါအ၀င် ရခိုင့်တောတောင်သဘာဝများနှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးလာမှုများကိုလည်း သုံးသပ်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပြီး နိုင်ငံခြားဝင်ငွေ များကို နိုင်ငံတော်အတွက် အများဆုံးရှာပေးနေသည့် ပြည်နယ်တစ်ခုဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ် သည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးပြည်နယ်တခုဖြစ်ပြီး ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်နေသည်မှာ ရခိုင်ပြည်သူ တရပ်လုံးအတွက် ၀မ်းနည်းစရာအဖြစ် မြင်တွေ့နေရသည်။ လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်သူထုဆန္ဒမပါရှိဘဲ ရခိုင်ပြည်မှထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ ထုတ်ယူတင်ပို့ရောင်းချထားပြီး၊ အထူးစီးပွားရေး ဇုန်စီမံကိန်းများ၊ သတ္တုတူးဖော်ထုတ်လုပ်ခြင်း စီမံကိန်းများနှင့် ရေအားလျှပ်စစ်စီမံကိန်းများကို ရခိုင်ပြည်တစ်ဝန်း တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပေသည်။

သို့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်တပြည်လုံးအတိုင်းအတာအရ ရန်ကုန်မြို့နှင့်တူညီသော ဈေးနှုန်းဖြင့် (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအပါအ၀င် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် ဒေသတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအချိန်ထိ ထိရောက်သော လုပ်ဆောင်ပေးမှုများ မရှိသေးပေ။

ထို့ကြောင့် မြောက်ဦးမြို့တွင်ပြုလုပ်ခဲ့သော သဘာဝသယံဇာတများ ကိုယ်ပိုင်စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲသို့ ရခိုင်ပြည်နယ်(၁၇)မြို့နယ်၏ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ အောက်ဖော်ပြပါ အချက်များကို တညီတညွတ်တည်း တောင်းဆိုလိုက်သည်။

• ရွှေသဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ရခိုင်ပြည်နယ်ရှိ ကျေးလက်နှင့် မြို့ပြများတွင် ရန်ကုန်မြို့နှင့်တူညီသော ဈေးနှုန်းဖြင့် လျှပ်စစ်ဓါတ်အား ၂၄နာရီ သုံးစွဲခွင့်ပြုရန်နှင့် စီမံကိန်းမှရရှိသောအကျိုးအမြတ်များကို ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲရန်။

• ရခိုင်ပြည်သဘာဝသယံဇာတစီမံကိန်းများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရှိဒေသခံပြည်သူများမှ ကိုယ်ပိုင် စီမံခန့်ခွဲပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခိုင်အမာထည့်သွင်းပြဌါန်းရန်။

• ရခိုင်ပြည်နယ်အတွင်း ပြည်သူ့ဆန္ဒမပါဘဲ လျာထားလုပ်ကိုင်ဆောင်ရွက်နေသော အောက်ဖော်ပြပါ စီမံကိန်းများကို အမြန်ဆုံးရပ်တန့်ပေးရန်။

• လေးမြို့ရေအားလျှပ်စစ်စီမံကိန်း (မြောက်ဦးမြို့နယ်)၊ ကုလားတန်မြစ်ကြောင်း စီမံကိန်း၊ တိုက်တေနီယမ်ထုတ်လုပ်မှုစီမံကိန်း (မောင်တောမြို့နယ်)၊ နေပူတောင် စီမံကိန်း (တောင်ကုတ်မြို့ နယ်)၊ အထူးစီးပွါးရေးဇုန် စီမံကိန်းနှင့် မြဒေးကျွန်းရေနက် ဆိပ်ကမ်း စီမံကိန်းများ (ကျောက်ဖြူမြို့ နယ်)၊ ဟိုတယ်ဇုန်နှင့် စိုက်ပျိုးမွေးမြူရေး စီမံကိန်း (မာန်အောင်မြို့နယ်)၊ သူဌေးချောင်း ရေအား လျှပ်စစ်စီမံကိန်း (သံတွဲမြို့နယ်)၊ အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်း(အမ်းမြို့နယ်)၊ ကျောက်ဖြူ- ကူမင်းရထားလမ်း၊ မြဒေးကျွန်းရေနက်ဆိပ်ကမ်း စီမံကိန်းများဖြစ်သည်။

• စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်မဖေါ်ဆောင်နိုင်သေးသရွေ့ သဘာဝသယံဇာတများ ထုတ်ယူ သုံးစွဲမည့် စီမံကိန်းများကို လုံးဝဆိုင်းငံ့ထားရန်။
• တပ်မတော်၊ စီးပွါးရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီအချို့မှ ဒေသခံပြည်သူများ၏ လယ်ယာမြေများ သိမ်းဆည်းထားမှုများကို အမြန်ဆုံးပြန်ပေးရန်။

• လုပ်ဆောင်မည့် စီမံကိန်းများအတွက် စစ်မှန်သော FPIC, UNDRIP, SIA, EIA, HIA ရယူရန်နှင့် ၄င်းတို့ကို မဖြစ်မနေလုပ်ဆောင်ရမည့် ဥပဒေတစ်ရပ်ကို တရားဝင်ပြဌါန်းပေးရန်။

• သဘာဝသယံဇာတထုတ်ယူသုံးစွဲခြင်း စီမံကိန်းများနှင့်ပတ်သက်၍ တက်ကြွ လှုပ်ရှားမှုကြောင့် ဒေသအသီးသီးမှ ထိန်းသိမ်းအကျဉ်းချခံနေရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။

• ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာအဆောက်အဦး အမွေအနှစ်နယ်မြေများကို UNESCO ၏ စံနူန်းများနှင့်အညီ ထိန်းသိမ်းဖော်ထုတ် ကာကွယ်ပေးရန်။

• ၂၀၁၂ခုနှစ် မေလ ၂၇-ရက်မှ ၂၉-ရက်ထိ ရသေ့တောင်မြို့တွင် ကျင်းပခဲ့သော ရခိုင်ပြည်လုံးဆိုင်ရာ လူထုအစည်းအဝေးမှ တောင်းဆိုချက်များ၊ ကန့်ကွက်ချက်များ၊ အကြံပြုချက်များ၊ တောင်ကုတ် ရခိုင်လူမှုကွန်ယက်မှ သဘောထားထုတ်ပြန်ချက်များ၊ ၂၀၁၂ နိုဝင်ဘာလတွင်ပြုလုပ်သော ရခိုင်လူငယ် Forum မှ သဘောထား ထုတ်ပြန်ချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်။

ဆက်သွယ်ရန်
ဒေါ်အေးနုစိန် (စစ်တွေ) - ဖုန်း - 094 200 31 358
ဦးဖေကြွယ် (သံတွဲ) - ဖုန်း - 094 201 95 806
ဦးမျိုးထွန်း (ပြည်သူ့သယံဇာတ) - ဖုန်း - 094 250 18154
ဦးအောင်သောင်းရွှေ (မောင်တော) - ဖုန်း - 092 502 36 720
ဦးထွန်းနေ၀င်း (မြောက်ဦး) - ဖုန်း - 094 211 72 405
မောင်ထွန်းကြည် (ကျောက်ဖြူ) - ဖုန်း - 092 502 38 839

By- Ko Wild

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive