၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် မြန်မာတစ်နိုင်ငံလုံး၌ ဘာသာလူမျိုး မခွဲခြားဘဲ တစ်သမတ်တည်း ကောက်ခံသင့်ကြောင်း United Nations Population Fund (UNFPA) မှ တာဝန်ရှိသူ Fredrick Okwayo က ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်က Myanmar Peace Centre တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲအမည်ရှိ ဆွေးနွေးပွဲတွင် လွှတ်တော်အမတ် ဒေါ်နန်းဝါနု၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် Fredrick Okwayo က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲတွင် လွှတ်တော်အမတ် ဒေါ်နန်းဝါနုက ပြည်တွင်းဒုက္ခသည်များနှင့် အမျိုးမျိုးကွဲပြားနေသော တိုင်းရင်းသားလူမျိုးများကြား ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံမှုမှ မည်သို့ငြိမ်းချမ်းရေး ဖော်ဆောင်မှုမျိုး ရရှိနိုင်မည်နည်းဟူသော မေးခွန်းကို မေးမြန်းခဲ့သည်။

ဒေါ်နန်းဝါနု၏ မေးမြန်းချက်ကို Fredrick Okwayo က "မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့သူ အားလုံးဟာ မြန်မာနိုင်ငံ သားတွေပါ။ အဖေဗမာ၊ အမေက တခြားဘာသာ။ ဒါမှမဟုတ် အမေကဗမာ၊ အဖေက တိုင်းရင်းသား ဖြစ်နေတယ်ဆိုပြီး သန်းခေါင်စာရင်း သတ်သတ်စီ ကောက်ယူမယ်ဆိုရင် အားလုံးရှုပ်ထွေး ကုန်ပါလိမ့်မယ်။ ဒါကြောင့် ဘာသာလူမျိုး မခွဲခြားဘဲ တစ်သမတ်တည်း ကောက်ယူသင့်ပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံသားတွေရဲ့ တကယ့်လိုအပ်ချက်တွေကို သိမှာပါ" ဟု ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် စမ်းသပ်သန်းခေါင်စာရင်းအား ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ရခိုင်နှင့် မိတ္ထီလာကဲ့သို့ ဒေသများတွင် နမူနာအဖြစ် စတင်ကောက်ခံသင့်ကြောင်းနှင့် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှုမှ ပြည်တွင်းဒုက္ခသည်များ ပြန်လည်နေရာ ချထားရေးနှင့် နယ်စပ်ဖြတ်ကျော် နိုင်ငံသားများ ပြန်လည်ခေါ်ဆောင်ရေးတွင် အထောက်အကူပြုနိုင်မည့် အချက်အလက်များ ရရှိမည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ မတ် ၃၀ ရက်မှ ဧပြီ ၁၄ ရက်အထိ ကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ သန်းခေါင်စာရင်း ကောက်ခံရာတွင် UNFPA ၏ အကူအညီကိုယူကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကို ပြောချင်တဲ့ လူမျိုးကို ပြောပါ။ ကျွန်တော်တို့ လူမျိုး ၁၃၅ မျိုးထဲမှာ မပါဘူးဆိုရင် အခြားထဲမှာ ထည့်သွင်းကောက်ယူသွားမှာ ဖြစ်ပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားသည်။



Eleven Media Group

Posted by Unknown on Wednesday, September 18, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive