From : ..EMG
၁၁ ဘီလျံ ကိစ္စနှင့် ပတ်သက်၍ တရားဝင် အချက်အလက် (Official Record) တွင် မရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား၊ သို့ရာတွင် စင်ကာပူနိုင်ငံရှိ OCBC၊ UOB နှင့် DBS ဘဏ်များတွင် သိမ်းဆည်းထားသော ငွေစာရင်းများကို စုံစမ်းဖော်ထုတ်ရန် အစီအစဉ် ရှိ၊ မရှိ The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့
ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံမှ ငွေစာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ရှိနေသည်ဆိုသော ကိစ္စရပ်နှင့် ပတ်သက်၍ တရားဝင် အချက်အလက်များ (Official Record) မရှိကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က စက်တင်ဘာ ၂၀ ရက် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သို့ရာတွင် စင်ကာပူနိုင်ငံရှိ OCBC၊ UOB နှင့် DBS ဘဏ်များတွင် သိမ်းဆည်းထားသည်ဟု သတင်းထွက်ပေါ်ခဲ့သော ငွေစာရင်းများကို စုံစမ်းဖော်ထုတ်ရန် အစီအစဉ် ရှိ၊ မရှိ The Daily Eleven ၏ မေးမြန်းချက်ကိုမူ မည်သူကမျှ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။
"၁၁ ဘီလျံ ကိစ္စတွေကတော့ ကျွန်တော်တို့ရဲ့ Official Record မှာ မရှိပါဘူး။ ဘယ်သူတွေ ဘယ်မှာထားထားတယ်။ ဘယ်လောက်ထားတယ် ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ရဲ့ Official Record ကတော့ ၇ ဒသမ ၆ ဘီလျံပဲ ဖြစ်ပါတယ်ဆိုတာ တင်ပြပြီး ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ ခဲ့သလိုမျိုး အဲဒါမျိုး ပွင့်ပွင့်လင်းလင်း Transparency ရှိရှိ အပ်ထားတာတွေပဲ သိပါတယ်။ ဟိုဟာတွေကတော့ ဗဟိုဘဏ်နဲ့ လည်းကောင်း၊ နိုင်ငံတော်ဘဏ် အနေနဲ့ လည်းကောင်း၊ တခြားပုဂ္ဂလိက ဘဏ်တွေနဲ့ လည်းကောင်း ဘာမှပတ်သက်ခြင်း မရှိပါဘူး။ အဲဒါတွေ မသိပါဘူး။ ကျွန်တော်တို့ အနေနဲ့ Transparency ရှိတဲ့ Official Result ကိုပဲ တင်ပြတာ ဖြစ်ပါတယ်" ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။
မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပြည်ပတွင် တရားမ၀င် ငွေကြေးထားသည်ဆိုသော ကိစ္စမှာ ပြည်သူများအကြား သို့လောသို့လော ဖြစ်ရသည့် ကိစ္စဖြစ်သည့်အတွက် ပြည်သူလူထုက အစိုးရကို ယုံကြည်မှု မရှိနိုင်တော့ကြောင်း၊ ဗဟိုဘဏ်၊ အစိုးရ အနေဖြင့် ကိန်းဂဏန်း၊ အချက်အလက်များကို ဖြေရှင်းနိုင်ဖို့၊ ဖြေရှင်းဆောင်ရွက်ဖို့၊ လေ့လာစုံစမ်း ဖော်ထုတ်ဖို့ ရှိ၊ မရှိ မေးမြန်းမှုကို ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ယခုကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
"ဒါကြောင့်လည်း ကျွန်တော့် Facebook မှာ ကျွန်တော်ပြောတာပေါ့။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ၁၉၅ နိုင်ငံမှာ ဘဏ်တွေအများကြီး ရှိတယ်။ ဘဏ်ပေါင်းသိန်းနဲ့ သောင်းနဲ့ချီပြီး ရှိတဲ့အခါမှာ ကျွန်တော်တို့ တိကျခိုင်မာတဲ့ တစ်ခုတော့ လိုတာပေါ့။ ဥပမာ ဆိုပါတော့ဗျာ ဂရိနိုင်ငံမှာ ဒီလိုမျိုး နိုင်ငံခြားမှာ သွားအပ်ထားတယ်ဆိုတဲ့ ပြဿနာ ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ သုံးလေးလလောက်က။ အဲဒီမှာဆိုရင် စာနယ်ဇင်းတွေက ဘယ်ဘဏ်မှာ ဘယ်နိုင်ငံက ဘယ်ဘဏ်မှာ ရှိတယ်လို့ ပြောတဲ့အခါမှာ ဂရိအစိုးရကနေ သက်ဆိုင်ရာ ဘဏ်တွေကို တောင်းဆိုခဲ့တာ ရှိတယ်။ ဒီလိုလုပ်လို့ရတဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ရှိတယ်။ အဲဒီတော့ ဘယ်နိုင်ငံမှန်း မသိတဲ့၊ ဘယ်ဘဏ်မှန်း မသိတဲ့ နေရာမှာ ဒီလောက်ငွေကြေးတွေ ရှိတယ်ဆိုတာ ပြောတာကတော့ သက်သက်နိုင်ငံတော်ကို ကျွန်တော်တို့ဘက်ကလည်း ပြန်ပြောလို့ ရတာပေါ့။ ခင်ဗျားတို့ ဘယ်သူတွေမှာ ဘယ်လိုတွေ ရှိနိုင်တယ် ဆိုတာကိုဖြစ်ဖြစ် ဒါကြောင့်မို့ ကျွန်တော်တို့က တိကျတဲ့ ခိုင်မာတဲ့ သတင်းအချက် အလက်တွေရရင် ဒါကလည်း ဥပဒေနဲ့ ငြိစွန်းတဲ့ ကိစ္စမျိုးဆိုရင် ကျွန်တော်တို့ နိုင်ငံတော် အနေနဲ့ ဘာမှဖြေရှင်း မပေးစရာ အကြောင်းမရှိပါဘူး။ . . .}} ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။
နိုင်ငံတော် အနေဖြင့် ၁၁ ဘီလျံကိစ္စကို သံသယဖြစ်ဖွယ်ရာ မတွေ့ဘူးလားဆိုသည့် ဆက်လက်မေးမြန်းမှုကို "ဒါကတော့ ခုနကျွန်တော် ပြောသလိုပဲပေါ့။ ဒီလိုဟာကြီးကို အမေရိကန် နိုင်ငံမျိုးတောင်မှ တချို့ဟာတွေကို ချက်ချင်းပြောနိုင်တာ မရှိဘူး။ ဟုတ်တယ်မလားဆိုတော့ ကျွန်တော်တို့မှာရှိတဲ့ Resources နဲ့ ကျွန်တော်တို့ အခုလို အချိန်မှာ ဘာကိုမှ ယတိပြတ်ပြောလို့ မရဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က Information ကို တောင်းတာ။ ပိုခိုင်မာတဲ့ Information ပေးပါ။ ဂါဆီယာဆီကိုလည်း ကျွန်တော်အီးမေးလ်ပို့ပြီးတော့ လှမ်းမေးတယ်။ ခင်ဗျားတို့ ရှိရင်ပေး။ စောင့်ကြည့်တဲ့ အဖွဲ့ရှိရင် ကျွန်တော်တို့ကိုပြော။ ဒါလေးတွေကို ကျွန်တော်ပြောတာပါ" ဟု ဦးရဲထွဋ်က ဆက်လက်ဖြေကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်က ဧရာဝတီ သတင်းဌာန ၀က်ဘ်ဆိုက်၌ ဖော်ပြခဲ့သော "ဒေါ်လာ ၁၁ ဘီလျံ၏ နောက်ကွယ်" သတင်းတွင် မြန်မာနိုင်ငံမှ အမည်မသိ နိုင်ငံခြားဘဏ် ငွေစာရင်းများ ဖွင့်ထားပြီး အမေရိကန်ဒေါ်လာ ဘီလျံချီ ရှိသည်ဟု ၂၀၀၉ ခုနှစ်က အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (ERI) က ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလျံမှာ စင်ကာပူနိုင်ငံရှိ OCBC, DBS ဘဏ်တို့တွင် အပ်နှံထားပြီး ထိုငွေများသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေများဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ERI အဖွဲ့၏ သဘောထား ပြောင်းမပြောင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ERI ၏ ဒါရိုက်တာ မစ္စတာ ပေါလ်ဒိုဇိုဝဇ်က "ကျွန်တော်ပြောနိုင်တာက ရတနာနဲ့ ရဲတံခွန် စီမံကိန်းတွေက သဘာဝဓာတ်ငွေ့တွေ ရောင်းချပြီး ရလာတဲ့ ၀င်ငွေတွေကို စင်ကာပူမှာရှိတဲ့ OCBC နှင့် DBS Group ဘဏ်နှစ်ဘဏ် အပါအ၀င် မြန်မာပြည် ပြင်ပက ဘဏ်တွေမှာ နိုင်ငံခြား အရန်ငွေအဖြစ် အပ်နှံထားတယ်လို့ဆိုတဲ့ သတင်းတွေကို နှစ်အတန်ကြာတုန်းက ERI အနေနဲ့ လက်ခံရရှိ ခဲ့ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ဖော်ပြခဲ့သည်။
ထို့အတူ ၂၀၀၉ ခုနှစ်အတွင်းက ရေးသားခဲ့သော လယ်ရီဂျာဂင်၏ ဆောင်းပါးတစ်ပုဒ်တွင်လည်း ERI ၏ အစီအရင်ခံစာကို အခြေခံပြီး မြန်မာအစိုးရသည် ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဒေါ်လာဘီလျံနှင့်ချီသော ငွေကြေးများကို OCBC နှင့် DBS ဘဏ်များတွင် သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် စွမ်းအင်ကုမ္ပဏီ ကြီးများဖြစ်သည့် အမေရိကန်မှ Chevron၊ ပြင်သစ်မှ Total နှင့် ထိုင်းနိုင်ငံမှ PTTEP တို့ ပါဝင်ကြပြီး စီမံကိန်းမှ ဓာတ်ငွေ့ရာခိုင်နှုန်း ၆၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ရေးသားခဲ့သည်။
ဧရာဝတီက ဖော်ပြခဲ့သော သတင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမည်မဖော်လိုသူ အနောက်တိုင်းသား ဘဏ်လုပ်ငန်းရှင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာအစိုးရနှင့် တပ်မတော် ခေါင်းဆောင်အချို့သည် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ရောင်းချရာ၌ ရငွေများကို ကာလပေါက်ဈေး တစ်ဒေါ်လာ ကျပ် ၁၀၀၀ ကျော်အတိုင်းတိုင်း ပြည်ဘဏ္ဍာငွေ စာရင်းသို့ စာရင်းမသွင်းဘဲ ယင်းအချိန်က တရားဝင်ပေါက်ဈေး ခြောက်ကျပ်ဖြင့်သာ စာရင်းသွင်းခဲ့သောကြောင့် ကွာဟချက်များမှ ဒေါ်လာဘီလျံပေါင်း များစွာကို စင်ကာပူနှင့် ဒူဘိုင်းဘဏ်များကို လွှဲပြောင်းသွင်းခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။
ထိုသို့ထွက်ပေါ်ခဲ့သော သတင်းများနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံရှိ OCBC နှင့် UOB ဘဏ်များတွင် သိမ်းဆည်းထားသည်ဟု သတင်းထွက်ပေါ်ခဲ့သော ငွေစာရင်းများကို စုံစမ်းဖော်ထုတ်ရန် အစီအစဉ် ရှိ၊ မရှိ The Daily Eleven က မေးမြန်းခဲ့ရာ ဖြေကြားမည့်သူ မရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် သဘာဝဓာတ်ငွေ့မှ ရောင်းချရသော ငွေများသည် မည်သည့်ဘဏ် စာရင်းများသို့ ရောက်ရှိသည်ဆိုသော The Daily Eleven ၏ မေးမြန်းချက်ကိုမူ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ပြန်လည်ဖြေကြားခဲ့ရာတွင် အစိုးရ၏ ပြည်တွင်းဘဏ် ငွေစာရင်းများသို့သာ ရောက်ရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
"၀န်ကြီးဌာန အနေနဲ့ ဘာတစ်ခုမှ ပြည်ပဘဏ် တစ်ခုမှာ၊ နိုင်ငံခြားဘဏ် တစ်ခုမှာ စာရင်းဖွင့်ထားခြင်း မရှိပါဘူး။ အကောင့် ဖွင့်ထားခြင်း မရှိပါဘူး" ဟု ဦးမြင့်ဇော်က ပြန်လည်ဖြေကြား ခဲ့သည်။
ထို့ပြင် The Daily Eleven မှ မေးမြန်းခဲ့သော "မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေတွေကို ဘယ်မှာထားသလဲ။ ဘယ်နိုင်ငံက ဘဏ်တွေမှာ ထားသလဲဆိုတာ တိတိကျကျ သိနိုင်ရင် သိချင်ပါတယ်။ ဆွစ်ဘဏ်မှာ ထားတာလား။ စင်ကာပူက ဘဏ်တွေမှာ ထားတာလား။ တရုတ်ဘဏ်တွေမှာ ထားတာလားဆိုတာ သိခွင့်ရရင် သိချင်ပါတယ်" ဆိုသည့် မေးခွန်းကို ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြန်လည်ဖြေကြားခဲ့သည်။
"ကျွန်တော်တို့ ခုနပြောသလို နိုင်ငံပေါင်းစုံမှာ ထားပါတယ်။ ဘယ်နိုင်ငံ ဘယ်နိုင်ငံတွေလို့ ကျွန်တော်တို့ ပြောလို့မသင့်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတကာမှာ အများကြီး ထားပါတယ်။ သူတို့ဆီက ကုန်သည်တွေကလည်း အိတ်စ်ပို့လုပ်တာ၊ အင်ပို့လုပ်တာ တစ်ကမ္ဘာလုံးမှာ အနှံ့ရှိတဲ့ နိုင်ငံတွေနဲ့ လုပ်နေကြတာပါ။ အပေးအယူကလည်း နိုင်ငံတကာမှာရှိတဲ့ ဘဏ်တွေနဲ့ အပေးအယူ လုပ်ကြတာပါ။ အဲဒီတော့ ဘယ်နိုင်ငံရယ်လို့ ကန့်သတ်ပြီးတော့မှ စင်ကာပူရယ်လို့၊ တရုတ်ပြည်ရယ်လို့ ကန့်သတ်ထားတာ မရှိပါဘူး။ အကုန်လုံး သူတို့အိတ်စ်ပို့ အင်ပို့လုပ်တဲ့ လုပ်ငန်းတွေ၊ နိုင်ငံတော်နဲ့ ဆက်သွယ်တဲ့ လုပ်ငန်းတွေ၊ ဒီမှာရှိတဲ့ ဘဏ်တွေအားလုံး ကမ္ဘာမှာ စုထားကြပါတယ်။ ကျွန်တော်တင် မဟုတ်ဘူး၊ ဗဟိုဘဏ်ရော၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ရော၊ မြန်မာ့စီးပွားရေး ဘဏ်ရော၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ်ရော ပုဂ္ဂလိက ဘဏ်တွေရဲ့ နိုင်ငံခြားငွေနဲ့အတူ ... သူတို့ နေ့စဉ်လုပ်ငန်း အဆင်ပြေဖို့၊ အသွင်းအယူ အဆင်ပြေဖို့ ကမ္ဘာအနှံ့မှာရှိတဲ့ ဆက်သွယ်ရေးကောင်းတဲ့၊ ဆက်ဆံရေးကောင်းတဲ့ ဘဏ်တွေမှာ ရှိကြပါတယ်။ အသေးစိတ်ကတော့ မပြောလိုပါဘူး။ မပြောသင့်ပါဘူး။ ကျေးဇူးတင်ပါတယ်" ဟု ဦးကျော်ကျော်မောင်က ပြောကြားခဲ့သည်။
ဘဏ္ဍာနှစ်အလိုက် ကျောက်စိမ်းတင်ပို့နိုင်မှု ပမာဏ
အမေရိကန်ဒေါ်လာ (သန်း)
ဘဏ္ဍာနှစ် တန်ဖိုး
၂၀၀၆-၂၀၀၇ ၃၅၅.၅၈၀
၂၀၀၇-၂၀၀၈ ၆၂၁.၂၃၀
၂၀၀၈-၂၀၀၉ ၆၅၇.၅၉၀
၂၀၀၉-၂၀၁၀ ၉၆၄.၈၂၀
၂၀၁၀-၂၀၁၁ ၂၂၀၄.၉၂၆
၂၀၁၁-၂၀၁၂ ၇၈၆.၀၀၀
၂၀၁၃-၂၀၁၃ ၃၂၅.၉၀၀
ဘဏ္ဍာနှစ်အလိုက် ကျောက်စိမ်းထုတ်ယူမှု
အမေရိကန်ဒေါ်လာ (သန်း)
ဘဏ္ဍာနှစ် ကျောက်စိမ်း (ကီလိုဂရမ်)
၂၀၀၀-၂၀၀၁ ၁၁၀၉၆.
၂၀၀၁-၂၀၀၂ ၈၁၇၄.
၂၀၀၂-၂၀၀၃ ၁၀၈၇၉.
၂၀၀၃-၂၀၀၄ ၁၀၇၅၄.
၂၀၀၄-၂၀၀၅ ၁၄၉၈၇.
၂၀၀၅-၂၀၀၆ ၂၀၀၀၅.
၂၀၀၆-၂၀၀၇ ၂၀၄၅၈
၂၀၀၇-၂၀၀၈ ၂၀၂၆၆
၂၀၀၈-၂၀၀၉ ၃၂၉၂၁
၂၀၀၉-၂၀၁၀ ၂၅၇၉၅
၂၀၁၀-၂၀၁၁ ၅၆၁၆၀
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့ တင်ပို့မှုပမာဏ
အမေရိကန်ဒေါ်လာ (သန်း)
ဘဏ္ဍာနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၂၀၃၉.၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀.၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄.၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆.၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂.၅၃
၂၀၁၁-၂၀၁၂ ၃၅၀၂.၅၂
၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့် အထက်
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်

0 comments