From : ..EMG



Photo:
တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက်ရှိ စတိုးဆိုင် တစ်ဆိုင်တွင် အသက် (၅၀) ကျော် အရွယ်ရှိ ဒေါ်မြင့်မြင့်ရှိန်အား အမည်မသိ အမျိုးသားက ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားခဲ့ရာ ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကျပ်သိန်း ၅၀ ဖြင့် လူငှားကာ သတ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အထောက်အထားနှင့် ရှာဖွေ တွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူများ ဖြစ်သည့် ကြေးစားဖြစ်သူ မြင့်အေး (လိပ်စာ အတည်တကျ မရှိသူ)နှင့် ဒါးပိန်မြို့ နေသူများဖြစ်သည့် စီစဉ်ပေးသူ လှမောင်၊ ငွေပေး စေခိုင်းသူ သားအဖ ဖြစ်သည့် ဦးပေါက် (ခ) မြင့်လွင်၊ ကိုဇင်သန့် (ခ) ဇင်သန့်အောင်တို့ လေးဦးအား စက်တင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ကျူးလွန်သည့်နေ့က အသုံးပြုသော စူပါရုဗင် အငှားယာဉ် နှင့် အခြား ဆက်စပ် သက်သေခံပစ္စည်း များအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဒေါ်မြင့်မြင့်ရှိန်နှင့် ၎င်း၏ ခဲအိုဖြစ်သူ မြင့်လွင် တို့သည် စားသောက်ဆိုင်ကိစ္စ စကားများကာ တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် အပြန်အလှန် အမှုရင်ဆိုင် နေရကြောင်း သိရသည်။ ခဲအိုဖြစ်သူ မြင့်လွင်နှင့် သားဖြစ်သူ ဇင်သန့်အောင်တို့မှာ အမှုရှုံးမည်ကို စိုးရိမ်သောကြောင့် မြင့်လွင် နှင့် ညီအစ်ကို ၀မ်းကွဲတော်စပ်သူ လှမောင်နှင့် တိုင်ပင်ပြီး လှမောင်က လူငှားသတ်ရန် အကြံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လှမောင်က ကြေးစားဖြစ်သူ မြင့်အေးနှင့် ဆက်သွယ်ပေးခဲ့သည်။ ထို့ကြောင့် ထောက်ကြန့် လမ်းဆုံအနီးရှိ ဘီယာဆိုင်တွင် မြင့်လွင်၊ ဇင်သန့်အောင်နှင့် ကြေးစားဖြစ်သူ မြင့်အေးတို့ တွေ့ဆုံခဲ့ကြောင်း ဒေါ်မြင့်မြင့်ရှိန်အား သတ်ရန်အတွက် ငွေကျပ် သိန်း ၅၀ ဖြင့် ဈေးသတ်မှတ်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ စရန်ငွေအဖြစ် ငွေကျပ် လေးသိန်းအား နှစ်ခါ ခွဲပေးခဲ့ကြောင်း ဒေါ်မြင့်မြင့်ရှိန် နှင့် ၎င်း၏ ဈေးဆိုင်ကို မှတ်မိစေရန် မြင့်အေးအား နှစ်ကြိမ် လိုက်လံပြသ ပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်သော နေ့တွင်လည်း ဇင်သန့်အောင်က ၎င်းပိုင် စူပါရုဗင် အငှားယာဉ်အား မောင်းနှင်ကာ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န်ဈေးရှေ့၊ သုမင်္ဂလာလမ်းပေါ်တွင် မြင့်အေးအား သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း၊ ဇင်သန့်အောင်မှ လမ်းတွင် ၎င်း၏ ယာဉ်နံပါတ်ကို တိပ်ဖြင့် ကပ်အုပ် ထားခဲ့ကြောင်းနှင့် ဒေါ်မြင့်မြင့်ရှိန် နေထိုင်သည့် စတိုးဆိုင်အနီးသို့ မြင့်အေးအား ပို့ဆောင် ပေးခဲ့ကာ လှမောင်နှင့် ဇင်သန့်အောင်တို့မှာ ယာဉ်ပေါ်၌ အသင့်စောင့်နေခဲ့ကြကြောင်း သိရသည်။

ကနဦးဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် ည ၁၀ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ မေတ္တာလမ်းနေ ဒေါ်မြင့်မြင့်ရှိန်သည် နေအိမ် စတိုးဆိုင်အတွင်း ရှိနေစဉ် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး ဒေါ်မြင့်မြင့်ရှိန်မှာ ရင်အုံ အောက်ဘက်တွင် နှစ်ချက်၊ ချိုင်းအောက်တွင် တစ်ချက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

'' ကျူးလွန်သွားတဲ့ သက်သေခံ ပစ္စည်းကတော့ ဓားပါ။ သူတို့ရဲ့ တရားရင်ဆိုင် နေရတဲ့ ပြဿနာ ကိစ္စကတော့ မိသားစုပိုင် စားသောက်ဆိုင် အမွေကိစ္စကြောင့်လို့ စစ်ဆေး သိရှိရပါတယ် ''ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး မြင့်အေးက စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

ဖြစ်စဉ်တွင် အသုံးပြုခဲ့သောယာဉ်နှင့် ကျူးလွန်သူ များကို တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့)



.. www.MyanmarExpress.net
 

Posted by Unknown on Friday, September 20, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive