လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့(HRDP)မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက မြန်မာနိုင်ငံမှာ ကလေးစစ်သားများပပျောက်ဖို့ စစ်သားစုဆောင်းရေး စခန်းများကို ဖျက်သိမ်းရန်လိုအပ်ကြောင်း The Flower News ဂျာနယ်သို့ သုံးသပ်ပြောဆိုခဲ့သည်။
တပ်မတော်အနေနဲ့ ကတော့ ၂၀၁၂ ခုနှစ် ဧပြီ ၁၈ ရက်ကစပြီး နိုင်ငံတွင်းကလေးစစ်သားပပျောက်ရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုပပျောက်ရေးအတွက် သုံးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်နေကြောင်း သိရသည်။အသက် ၁၈ နှစ်မပြည့်ဘဲ တပ်ထဲရောက်နေတဲ့ စစ်သားတွေကို  မြန်မာနိုင်ငံအရပ်ရပ်က မိဘရင်ခွင်ဆီကို ၄ ကြိမ်တိတိပြန်လည်ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် အသက် ၁၈ နှစ်မပြည့်ဘဲ တပ်ထဲရောက်နေတာရှိရင် အကြောင်းကြားပါက ပြန်လည်စိစစ်ပြီး တပ်ထဲကနေထုတ်ပေးပါတယ်လို့ စစ်သားစုဆောင်းရေးတပ်က တပ်ကြပ်ကြီးတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ တပ်မတော်အနေနဲ့ ကလေးစစ်သားတွေကို လက်မခံယုံသာမက လူစည်ကားရာနေရာတွေမှာ
အသက် ၁၈ နှစ်မပြည့်ပါက တပ်မတော်မှ လက်မခံပါဆိုတဲ့ ဆိုင်းဘုတ်တွေတပ်ပြီး ကလေးစစ်သားပပျောက်ရေးကို အလေးထားဆောင်ရွက်နေတာ တွေ့ရသည်။
အဆိုပါကဲ့သို့ ပွင့်လင်းမြင်သာစွာ တပ်မတော်မှ လုပ်ဆောင်နေချိန်တွင် ဦးမြင့်အေး၏ ပြောကြားချက်သည်တိုင်းပြည်ကာကွယ်ဖို့အတွက် မျိုးချစ်စိတ်ဖြင့် တပ်မတော်ထဲသို့ ၀င်လာမည့် အသက် ၁၈ နှစ်ပြည့်ပြီး အနာဂတ်လူငယ်များအတွက် အခွင့်အရေးကို မလေးစားဘဲ ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း၊စစ်သားစုဆောင်းရေးတပ်များသည်အသက် ၁၈ နှစ်မပြည့်သူများကို လိုက်လံစုဆောင်းနေခြင်းမဟုတ်၊ အသက် ၁၈ နှစ်ပြည့်ပြီး တပ်မတော်ထဲတွင် ၀င်ရောက်အမှုထမ်းလိုသူ နိုင်ငံ့သားကောင်းများအတွက် လက်ကမ်းကြိုဆိုနေခြင်းသာဖြစ်ကြောင်း စစ်သားစုဆောင်းရေးတပ်တွင် ၁၀ နှစ်ကြာတာဝန်ထမ်းဆောင်နေသူ ဗိုလ်ကြီး တစ်ဦးကဆိုသည်။
ကလေးသူငယ်များ လူ့အခွင့်အရေးကာကွယ်ပေးမှုအဖွဲ့မှ ကိုအောင်ငြိမ်းချမ်းက"ကျနော်တို့ အနေနဲ့ ကလေးတွေကို အသက် ၁၈ နှစ်မပြည့်ဘဲ တပ်မတော်ထဲမှာဝင်ရောက်အမှုထမ်းခြင်းကို ကာကွယ်ယုံတစ်ခုတည်းနဲ့ ဒီကလေးတွေရဲ့ ဘ၀အဆင့်အတန်းမြင့်စေလာနိုင်မှာ မဟုတ်ပါဘူး။ အသက် ၁၈ နှစ်မပြောနဲ့ အသက် ၁၂ နှစ်မပြည့်တဲ့ ကလေးတွေလက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ဘီယာဆိုင်တွေမှာ ၀င်ရောက်လုပ်ကိုင်နေတာ မြန်မာပြည်မှာအများကြီးရှိပါတယ်။ 
ကျနော်တို့ အနေနဲ့ ဒီကလေးတွေအတွက်ရော ဘယ်လိုစဉ်းစားပေးရမလဲ။ရှင်းရှင်းပြောရရင် တပ်မတော်ထဲမှာမှ စစ်သားတစ်ယောက်အတွက်လစာ သိန်းဂဏန်းနီးပါးရမယ်။နေစရာရမယ်။ ၀တ်စရာရမယ်။ စားစရာရမယ်။ ပညာလိုချင်ရင် တပ်မတော်ပညာရေးကျောင်းတွေမှာသင်ပေးပါတယ်။  လက်ဖက်ရည်ဆိုင်မှာ လုပ်နေတဲ့ ကလေးတစ်ယောက် ပညာမသင်ရဘူး။ 
တစ်လကိုလစာ နှစ်သောင်းလောက်နဲ့ အင်မတန် လူ့အခွင့်အရေး အနှိမ်ခံပြီး အသက်မပြည့်သေးတဲ့ ကလေးဆီကလုပ်အားကို လိမ်ယူခြင်းခံနေရတာပါ။ ဒါကယှဉ်ပြတာပါ။ တပ်မတော်ထဲကို အသက်၁၈ နှစ်မပြည့်မ၀င်ရမှ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်ရမှာက ဒီလိုပြင်ပက စီးပွားရေးသမားတွေရဲ့ အသုံးချမှုကို ခံနေရတဲ့ကလေးတွေကိုလည်း ကာကွယ်ရမှာဖြစ်ပါတယ်" လို့ သူ့၏ အမြင်ကိုပြောကြားခဲ့သည်။
အသက် ၁၈ နှစ်မပြည့်၍ တပ်မတော်မှ မိဘရင်ခွင်ဆီ ပြန်ပို့ခံရသူ ရေနံချောင်းမှ မောင်အောင်နိုင်၏ ဖခင်ဖြစ်သူ ဦးလှဖေက"ကျနော်သားက ဆယ်တန်းမပြီးခင် ကိုယ့်ဝါသနာနဲ့ကို စစ်ထဲဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် တပ်ထဲရောက်ပြီးမှ ဒုတိယအကြိမ် တပ်မတော်ကကလေးစစ်သားတွေကို မိဘတွေဆီ ပြန်ပို့တဲ့ အထဲမှာ ပါပြီး တပ်ကထွက်ခဲ့ရပါတယ်။ စုဆောင်းရေးတပ်ဆိုတာရှိသင့်ပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းရင်တောင် စုဆောင်းရေးတပ်က တပ်မတော်ထဲအမြဲတမ်းတာဝန်ထမ်းဆောင်ချင်တဲ့ သူတွေအတွက်လိုအပ်ပါတယ်။ တကယ့်ကို တိုင်းပြည်ကာကွယ်ချင်တဲ့စိတ်နဲ့ ၀ါသနာပါလို့ ၀င်ချင်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့"လို့ ပြောကြားခဲ့သည်။
ဒါ့အပြင် ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း "မြန်မာနိုင်ငံ၌ ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ်ရန် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းသင့်ကြောင်း၊ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ စစ်မှုထမ်းခိုင်းမှသာ ပြည်သူအားလုံးသည် နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်၊ မျိုးချစ်စိတ်များ ဖြစ်ပေါ်လာပြီး ပြည်သူနှင့် တပ်မတော်အကြား တစ်သားတည်းဖြစ်ကာ ပြည်သူ့တပ်မတော် ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ တပ်မတော်မှလည်း တိုင်းရင်းသား ပြည်သူများအပေါ် ယုံကြည်မှု ရှိနေမည်ဖြစ်ပြီး အဆိုပါ အချက်အား ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်း သင့်ကြောင်း ဒီမိုကရက်တစ်(ကျားဖြူ) ပါတီအနေဖြင့် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း "The Daily Eleven သို့  ပြောကြားခဲ့ကြောင်း သိရှိရသည်။ 
New Myanmar News

Posted by Unknown on Wednesday, September 11, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive