ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွင် အသွင်ကူးပြောင်းရေး ကာလများ၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေး ဆောင်ရွက်လေ့ ရှိကြပါသည်။ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေး ရပြီးခါစ ၁၉၄၈ ခုနှစ်ကတည်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အက်ဥပဒေကို ပြဋ္ဌာန်းပြီး အကောင်အထည်ဖော်မည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ) ကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး ဖြစ်သည်။ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့ချိန်ကတည်းက ရည်ရွယ်ချက်မှာ စီးပွားရေး မှောင်ခိုမှုများ၊ ငွေကြေးခ၀ါ ချမှုများ၊ အခွန်တိမ်းရှောင်မှုများနှင့် အဂတိလိုက်စားမှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့သည် လာဘ်ပေးလာဘ်ယူမှုများနှင့် အဂတိ လိုက်စားမှုများကို စုံစမ်းအရေးယူရာတွင် ထင်သာမြင်သာ မရှိ၊ ထိရောက်မှုမရှိ ဖြစ်နေပြီး မူရင်းစတင် တည်ထောင်စဉ်က ရည်ရွယ်ချက်များနှင့် လွဲချော်လျက် ရှိပါသည်။ ဥပမာအားဖြင့် သြဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်တရားသူကြီး ဒေါ်စီစီအား ဆန်စပါး အရောင်းအ၀ယ် ကိစ္စတွင် လာဘ်ငွေယူ၍ အကာအကွယ် ပေးသည်ဟု စွပ်စွဲခဲ့ပြီး လွှတ်တော်က စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းကာ စစ်ဆေးလျက် ရှိပါသည်။ ၎င်းဖြစ်စဉ်တွင် ပြည်နယ်တရားသူကြီးအပေါ် စစ်ဆေးမှုများ ပြုလုပ်ခြင်းမှာ လွှတ်တော်၏ အဓိကတာဝန်တစ်ရပ် မဟုတ်ပေ။ လာဘ်ပေးလာဘ်ယူမှုများနှင့် အဂတိ လိုက်စားမှုများအပေါ် စုံစမ်းစစ်ဆေးရန် အတွက်မှာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့၏ တာဝန်တစ်ရပ်သာ ဖြစ်ပါသည်။ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့သည် အများပြည်သူ အကျိုးအပေါ် ထိခိုက်စေနိုင်သည့် မတရားမှု ကိစ္စရပ် မှန်သမျှတွင် ပြည်သူ့ဝန်ထမ်း မည်သူ့ကိုမဆို စစ်ဆေးပိုင်ခွင့် ရှိသည်။ အထူးသဖြင့် ယခုလို လူ့အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်သည့် တရားရေး ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိ လိုက်စားမှုများအပေါ် စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်ရမည်မှာ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့၏ အဓိက တာဝန်ပင် ဖြစ်ပါသည်။

ကမ္ဘာ့ အဂတိလိုက်စားမှု အများဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် ပဉ္စမမြောက် အဆိုးဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။ သယံဇာတ ပေါကြွယ်ဝသော်လည်း အကျင့်ပျက် ခြစားမှုများကြောင့် နိုင်ငံနှင့်ပြည်သူမှာ အကျိုးမခံစားရဘဲ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းဝင် ဖြစ်နေရသည်။ အစိုးရသစ် လက်ထက်တွင်လည်း တိုင်းပြည်၏ နယ်ပယ်စုံ၌ အကျင့်ပျက် ခြစားမှုများ လွှမ်းမိုးနေဆဲ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အကျင့်ပျက် ခြစားမှုများနှင့် ပြောင်းပြန်အချိုးကျပါသည်။ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိ လိုက်စားမှုများလေ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားပြီး တိုင်းပြည်ဆင်းရဲလေပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်ရန်အတွက် ဒုတိယသမ္မတ ဦးဆောင်သော အစိုးရ အဖွဲ့များအတွင်း အဂတိ လိုက်စားမှု ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်။ သို့သော်လည်း လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု အခြေအနေမှာ ထူးခြားမှု ရှိမလာနိုင်သေးပါ။ အကြောင်းရင်းမှာ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက် ခြစားမှုများကို အဓိကကိုင်တွယ် ဖြေရှင်းရမည့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့က တိကျခိုင်မာစွာ စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ခြင်း မရှိဘဲ လွှတ်တော်ကဲ့သို့သော အဖွဲ့အစည်းမျိုးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းများကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် လူနှင့်အလုပ် လွဲနေခြင်းကြောင့်ဟု ဆိုရပေလိမ့်မည်။ ထို့ကြောင့် စီးပွားရေး မသမာမှုများ၊ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိ လိုက်စားမှုများအား ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကို ယခုထက်ပိုမို တောင့်တင်းခိုင်မာ၍ စွမ်းရည်မြင့်အောင် ဖွဲ့စည်းဆောင်ရွက်စေပြီး ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ပြန်လည်ရရှိအောင် ဆောင်ရွက်သင့်ကြောင်း The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။



Eleven Media Group

Posted by Unknown on Wednesday, September 18, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive