From : planet 


 အာရှ-ပစိဖိတ် ဒေသ နိုင်ငံအချို့တွင် ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အမျိုးသား အများအပြားသည် ဘဝတွင် အမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှု အနည်းဆုံး တစ်ကြိမ်မျှ ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီနှင့် သီရိလင်္ကာ နိုင်ငံများတွင် အမျိုးသား (၁၀၀၀၀)မျှကို ဖြန့်ကျက် မေးမြန်းသော အင်တာဗျူးတွင် (၂၄) ရာခိုင်နှုန်းက မိမိတို့သည် ဘဝတွင် အမျိုးသမီး တစ်ဦးကို အနိုင်အထက် ပြုကျင့်ဖူးကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ တောင်အာဖရိက ဆေးသုတေသန ကောင်စီမှ ရေချယ်လ်ဂျူးကက်စ်က ယခုစစ်တမ်းသည် အာရှ-ပစိဖိတ် ရပ်ဝန်းတွင် မုဒိမ်းမှုများ ပျံ့နှံ့ ဖြစ်ပွားနေသည်ကို ယခုစစ်တမ်းက ညွှန်ပြနေကြောင်း ဆိုသည်။

ယခုစစ်တမ်းတွင် ဖြေကြားသူ အမျိုးသား (၁၀)ဦးတိုင်း (၁)ဦးက ဘဝတွင် မိမိ၏ ချစ်သူ၊ လက်တွဲဖော် မဟုတ်သော အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ဖူးကြောင်း ဝန်ခံခဲ့ပြီး ချစ်သူအမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှုများပါ ထည့်ပေါင်းတွက်ချက်သည့်အခါ (၂၄)ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း သိရသည်။ ယင်းသည် အမျိုးသား (၄)ဦးလျှင် (၁)ဦးက ပြစ်မှုကျူးလွန်ဖူးသည့် သဘောမျိုး သက်ရောက်နေသည်။ မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံဖူးသူ အားလုံး၏ ထက်ဝက်မပြည့်သော အရေအတွက်ကမူ မိမိတို့သည် အမျိုးသမီး တစ်ဦးထက် မနည်းကို ကျင့်ကြံဖူးကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖြေဆိုသူ အမျိုးသား (၁၁)ရာခိုင်နှုန်းက မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံခဲ့ပြီး ပါပူအာ နယူးဂီနီ နိုင်ငံရှိ ဘူဂိန်ဗီးလ် အရပ်မှ ဖြေကြားသူများတွင် (၆၀)ရာခိုင်နှုန်းက အဆိုပါ အတွေ့အကြုံ ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

ယခုသုတေသန ရလဒ် အပြည့်အစုံကို Lancet Global Health ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ဂျူးကက်စ်က "ဒီစစ်တမ်းက အာရှ-ပစိဖိတ်မှာ မုဒိမ်းမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ လိုအပ်နေတယ် ဆိုတာကို ညွှန်ပြနေတယ်။ ဒီပြစ်မှု ကျူးလွန်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကျွန်တော်တို့ ပိုနားလည်လာဖို့ အရေးကြီးပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က မိန်းကလေး တစ်ဦး ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်က အာရှနိုင်ငံအချို့တို့တွင် အမျိုးသမီးများ၏ ဘဝကို အခြေခံကျကျ ကာကွယ်ရန် ပိုမိုလိုအပ်နေသည့် သက်သေဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

ယခုစစ်တမ်းအတွက် အင်တာဗျူးခံသူ အမျိုးသားများကို အထူးလေ့ကျင့်ထားသည့် မေးမြန်းသူများက ဆွဲဆောင်ကာ လေ့လာ သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မုဒိမ်းကျင့်သည်ဆိုသော အသုံးအနှုန်းကို ရှောင်ဖယ်ကာ မုဒိမ်းမှုမြောက်သည့် အခြေအနေများ ပြုလုပ်ခဲ့ဖူးခြင်း ရှိမရှိကို သွယ်ဝိုက် မေးမြန်းခြင်း ဖြစ်သည်။ ဥပမာအားဖြင့် "ခင်ဗျားရဲ့ ဇနီးဖြစ်ဖြစ်၊ ရည်းစားဖြစ်ဖြစ် မဟုတ်တဲ့ အမျိုးသမီး တစ်ဦးကို အင်အားသုံးပြီး လိင်ဆက်ဆံဖူးသလား"ဆိုသော မေးခွန်းမျိုးဖြင့် ချဉ်းကပ်ခဲ့ခြင်းဟုလည်း သိရှိရသည်။
www.MyanmarExpress.net

Posted by Unknown on Thursday, September 12, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive