From : ..the voice


တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် အော်ပရာစီ စစ်ဆင်ရေးကြောင့် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား တစ်ရက်လျှင် သုံးရာခန့် မြန်မာနိုင်ငံသို့ တရားမဝင် နယ်စပ်လမ်းကြောင်း (အောက်လမ်း) မှတစ်ဆင့် ပြန်လာနေကြကြောင်း အဆိုပါ ပြည်တော်ပြန် လုပ်သားများကို မေးမြန်းချက်များအရ သိရှိရသည်။

တရားမဝင် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာရန် ပွဲစားကို မလေးရှားရင်းဂစ် ၉၀၀ (ကျပ်သုံးသိန်းခန့်) ပေးရပြီး ပွဲစားအစီအစဉ်ဖြင့် ပြန်လာပါက ဖမ်းဆီးခံရခြင်း မရှိကြောင်း စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာသူ ရခိုင်တိုင်းရင်းသား တစ်ဦးက ပြောကြားသည်။

အော်ပရာစီ စစ်ဆင်ရေးကြောင့် တရားမဝင် နယ်စပ်လမ်းကြောင်းမှ နေရပ်ပြန်သူ ယခုရက်ပိုင်းအတွင်း အဆမတန် များပြားလာကြောင်း၊ သွားရောက်မည့် နေရပ်ဝေးကွာမှုအပေါ် မူတည်ကာ ဝန်ဆောင်ခခွဲခြား သတ်မှတ်ကာ ပို့ဆောင်ပေးနေကြောင်း မလေးရှားနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ပွဲစားများက ပြောဆိုကြသည်။

“တစ်ရက်ကို အယောက် ၇၀ နဲ့ ၁၀၀ ကြား ပို့နေရတယ်” ဟု ထိုင်းနိုင်ငံ နယ်စပ်တွင် အလုပ်လုပ်ကိုင်သည့် ပွဲစားတစ်ဦးက ၎င်းတစ်ဦးတည်း ပို့ဆောင်ပေးနေမှု အခြေအနေကို ရှင်းပြသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်နေသည့် အော်ပရာစီ စစ်ဆင်ရေး Ops 6P Bersepadu ကြောင့် တရားမဝင် လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေးသည့် မြန်မာ ၆၅ ဦးကို စက်တင်ဘာလ ၈ ရက်နေ့တွင် မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာန ဖြစ်သည့် Bernama သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အောက်လမ်း ဆိုသည်မှာ မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံ နယ်စပ်မြို့များဖြစ်သည့် မြဝတီ၊ ဘားအံစသည့် မြို့များမှ မြန်မာနိုင်ငံသို့ ပြန်လာခြင်းကို ဆိုသည်။

တရားမဝင် နယ်စပ်လမ်းကြောင်းက မဟုတ်ဘဲ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် နိုင်ငံသား ဖြစ်ကြောင်း အထောက်အထား (Certificate of Idenity) ထုတ်ယူကာ တရားဝင် လမ်းကြောင်းဖြင့် သွားလာနိုင်သော်လည်း အဆိုပါ အထောက်အထားယူပါက နောက်တစ်ကြိမ် တရားဝင် သွားရောက် လုပ်ကိုင်ခွင့်ရရန် ခက်ခဲကြောင်း လုပ်သားများထံမှ သိရှိရသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နေရပ်ပြန်ခွင့်ရရေး၊ အလုပ်ဆက်လုပ်လိုသည့် တရားမဝင် မြန်မာများ တရားဝင် အလုပ်လုပ်ခွင့် ရရှိရန် နှစ်နိုင်ငံ ညှိနှိုင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာလုပ်သားများ အရေးကို ဖြေရှင်းရန် မလေးရှားနိုင်ငံသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိနေသည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

စက်တင်ဘာလ ၁ ရက်နေ့က စတင်သည့် မလေးရှားနိုင်ငံ အော်ပရာစီ စစ်ဆင်ရေးတွင် မြန်မာနိုင်ငံသား ၆၀၀ ခန့် အပါအဝင် တရားမဝင် နိုင်ငံခြားသား စုစုပေါင်း ၅၀၀၀ ကျော် ဖမ်းဆီးထားပြီး ဖြစ်ကြောင်း မလေးရှား သတင်းများအရ သိရှိရသည်။

 .. www.MyanmarExpress.net

Posted by Unknown on Friday, September 13, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive