မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်တွင် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို နိုင်ငံသား စိစစ်ရေးကတ် နှစ်ခုကိုင်ဆောင်မှုဖြင့် တိုင်ကြားရာမှ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တိုင်ကြားသူအပါအဝင် လေးဦး အမှုဖွင့် ခံခဲ့ရကြောင်း မြင်းခြံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား တရားမဝင် ကိုင်ဆောင်ထားသူ၏ ဇနီးသည်က အိမ်ထောင်ရေး အဆင်မပြေ ဖြစ်သည့်အခါ ၄င်း၏အမျိုးသား နိုင်ငံသားစိစစ်ရေး ကတ်နှစ်ခု ကိုင်ဆောင်ထားမှုကို တိုင်ကြားခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ၏ ဇနီးလည်း လိုက်ပါလာသဖြင့် ဇနီးဖြစ်သူ ကိုလည်း တရားစွဲဆိုထားပြီး နိုင်ငံသား စိစစ်ရေးကတ် တရားမဝင် လိမ်လည် အတု ပြုလုပ်ပေးသူ နှစ်ဦးနှင့် ကိုင်ဆောင်သူတစ်ဦး အပါအဝင် စုစုပေါင်းလေးဦးကို အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဆိုပါအမျိုးသားကို အထောက်အထား ခိုင်လုံစွာမရှိဘဲ တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားသဖြင့် အဆိုပါရုံးမှ ဝန်ထမ်းနှစ်ဦး ကိုလည်း အမှုဖွင့် အရေးယူ ထားကြောင်းလည်း ဦးကိုကိုကြီးက ဆိုသည်။

တောင်သာမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနသို့ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် နိုင်ငံသား စိစစ်ရေးကတ်ပြား လာရောက် လျှောက်ထားသဖြင့် လက်ထောက် ညွှန်ကြားရေးမှူး (လက်ရှိ အငြိမ်းစား ယူထားသူ)က ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါရုံးက နိုင်ငံသား စိစစ်ရေးကတ် အမှတ်၉/တသန(နိုင်)၁၃၁၅၄၉ ကို ထုတ်ပေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ကိုင်ဆောင်သူနှင့် ဇနီးကို မြင်းခြံမြို့မ ရဲစခန်းက (ပ)၁၈၂/၂၀၁၃ပြစ်မှု ပုဒ်မ ၄၂၀/၄၆၈/၁၁၄ အရ လည်းကောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးသူ နှစ်ဦးကို (ပ)၁၈၃/၂၀၁၃ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ အရလည်းကောင်း အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

The Voice Weekly

Posted by Unknown on Wednesday, September 25, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive