ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုဝင်ဘာ ၁၁ ရက် မှ ၂၄ ရက်အတွင်း ကျင်းပမည့် ASEAN–ROK ရုပ်ရှင်မျိုးဆက် သစ်ပြုစုပျိုးထောင်ရေးစီမံကိန်းသို့ တက်ရောက်ခွင့်ရရှိသူ လူငယ်နှစ်ဦးကို ASEAN–ROK ပွဲစီစဉ်သူများမှ
ရွေးချယ်ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးက မဇ္ဈိမသို့
ပြောကြားလိုက်သည်။
၎င်း AFCNet (Asian Film Commission Network) ကို Thailand Film Office နှင့် Busan Film Commission တို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ
မောင်အောင်မြတ်နှင့် မေဘရဏီတို့က တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
“ကျွန်တော်တို့ဆီမှာ Workshop တက်ရောက်ဖို့အတွက် စာရင်းတောင်းလိုက်တဲ့အခါမှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လေးဦး၊ Forever Group က သုံးဦး၊ Yangon Film School ကတစ်ဦး စုစုပေါင်း ရှစ်ဦးပေးပို့ ပါတယ်။ အဲဒီနာမည်စာရင်းတွေကို Asian Film Commission Network, ASEAN Committee (Film Development Council of Philippines) ကိုပေးပို့ပြီးတော့ သူတို့က Board အဖွဲ့နဲ့ စိစစ်ခဲ့တယ်။ Online အင်တာဗျူးကိုလည်း ဆောင်ရွက်တယ်။ ပေးပို့သူရှစ်ဦးထဲမှ ငါးဦးက ရိုက်ကူးထားတဲ့ Project မရှိဘူး။
နောက် သုံးဦးကတော့ သတ်မှတ်ချက်နဲ့အကျုံးဝင်တယ်။ လုပ်ငန်းဆောင်ရွက်ထားသူ Forever Group မှ တစ်ဦးရယ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နှစ်ဦးရယ်ကို ရွေးချယ်ခဲ့တယ်။ သူတို့ ၀က်ဘ်ဆိုဒ်မှာတော့ တက်ရောက်ခွင့်ရတဲ့နိုင်ငံက လူငယ်တွေရဲ့ နာမည်စာရင်းကို ဖော်ပြထားတယ်။ အဲဒီမှာမောင်အောင်မြတ်နဲ့
မေဘရဏီတို့ကို ဖော်ပြထားတယ်။ တကယ်လို့ သူတို့နှစ်ယောက်ထဲက ပျက်ကွက်ခဲ့တယ်ဆိုရင်တော့ ကျန်တစ်ဦးဖြစ်တဲ့ မောင်သော်ဇင်ထက်ကို စေလွှတ်မှာဖြစ်ပါတယ်”ဟု ပြောသည်။
AECNet Workshop သို့ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လူငယ်များပါဝင်ကြမည်ဖြစ်ပြီး နှစ်ပတ်ကြာအတူတကွ အနုပညာအလုပ်များကို လုပ်ကိုင်ကြမည်ဖြစ်သည်။ အဆိုပါ ASEAN-ROK ရုပ်ရှင် မျိုးဆက်သစ်စီမံကိန်းကို ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှဒါရိုက်တာ ၀ီရ(ခ)ဇေယျာအောင် (မြန်မာရုပ်ရှင်အစည်းအရုံး)နှင့် ဒါရိုက်တာလွင်ကိုကိုဦး (ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်) တို့အား
ရွေးချယ်စေလွှတ်ခဲ့ရာ ပထမအဆင့်သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ပြီး ဂျပန်နိုင်ငံ Sapporo မြို့တွင် ကျင်းပသည့် ဒုတိယအဆင့်သင်တန်းကို တက်ရောက်ခွင့်ရရှိခဲ့သည်။
မဇ္ဈိမသတင်းဌာန
0 comments